ညောင်ရွှေ ဩဂုတ် ၁၃
၂၀၂၅-ခုနှစ်၊ မတ်လ (၂၈) ရက်နေ့လယ်ပိုင်းက အင်အားပြင်းထန်စွာလှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရတနာစံကျောင်းတော်အချို့နေရာများ၊ ရင်ပြင်တော်အချို့နေရာများ၊ ဒေသစာရီကြွချီပူဇော်ခံရာတွင် ပင့်ဆောင်ပူဇော်သည့်ကရဝိတ်ဖောင်တော်နှင့် ဖောင်တော်ထားရှိရာအဆောင်တို့ ထိခိုက်ပျက်စီးခဲ့ရသည်။
ထိုသို့ ထိခိုက်ပျက်စီးမှုများအား နိုင်ငံတော်အစိုးရ၏ဦးဆောင်လမ်းညွှန်မှုဖြင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်အလှူရှင်များ၏ စုပေါင်းထည့်ဝင်လှူဒါန်းမှုများဖြင့် ပြုပြင်မွမ်းမံမှုလုပ်ငန်းများကို သတ်မှတ်ကာလအမှီ ပြီးစီးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျွမ်းကျင်ပညာရှင်များက အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိသည်။
အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ဒေသစာရီကြွချီတော်မူရာတွင်အသုံးပြုသည့် ကရဝိတ်ဖောင်တော်နှင့် ဖောင်တော်ထားရှိရာအဆောက်အဦ ပြုပြင်မွမ်းမံမှုလုပ်ငန်းများအတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း) အထူးဒေသ (၄) မိုင်းလားမြို့ တိုင်းရင်းသားပြည်သူများ၏ စုပေါင်းကုသိုလ်ပါဝင်လှူဒါန်းမှုဖြင့် (၂၅.၅.၂၀၂၅) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ပြုပြင်မွမ်းမံခြင်းလုပ်ငန်း (၉၀)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ ပြုပြင်မွမ်းမံမှုလုပ်ငန်းများကို ယခုနှစ်သီတင်းကျွတ်ဖောင်တော်ဦးမြတ်စွာဘုရား အင်းလေးဒေသဝဲယာ(၂၁)ဌာနသို့ ဒေသစာရီကြွချီပူဇော်ခံပွဲတော်ကာအမီ ဆောင်ရွက်ပြီးစီးနိုင်ရေး အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုင်းအယ်ဘဲ