အမရပူရမြို့နယ်၌ မီးလောင်မှုဖြစ်ပွား

အမရပူရ သြဂုတ် ၁၃

အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ကျန်တန်းရပ်ကွက်၊ တိုးချဲ့(၂)ရပ်တွင် ထရံကာသွပ်မိုး (၂) ထပ်အိမ်မှ အတွင်းမိန်းခုန်ဝါရာရှော့ဖြစ်၍ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါနေရာသို့ အမရပူရခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်သာဦး၊ မြို့နယ်ရဲမှူး စိုးဝင်းသန်း၊ ​စခန်းမှူး ဒုရဲမှူး မျိုးနိုင်ပါ ၁၀ ဦး၊ စစ်နယ်မြေ (၇)မှ ဗိုလ်ကြီး ဇေယျာမောင် ဦးစီး(၇)ဦး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်မျိုးထက်နှင့်အဖွဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်တန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညွန့်တင်ပါ(၁၀)ဦးတို့အဖွဲ့မှ သွားရောက်စစ်ဆေး မီးငြှိမ်းသတ်ခဲ့ကြောင်းသိရသည်။

အဆိုပါမီးလောင်ကျွမ်းမှုကြောင့် သွပ်မိုးထရံကာ (၂)ထပ်နေ (၃) လုံး၊ နံကပ်တိုက် ၂ ထပ်နေအိမ် (၁)လုံး၊ မြေစိုက် တစ်ထပ်နေအိမ်(၁)လုံး စုစုပေါင်း နေအိမ်(၅)လုံးနှင့် ဂိုဒေါင် တစ်လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး မီးလောင်ကျွမ်းသည့်နေရာသို့ တိုင်းမီးသတ်ဦးစီးမှူး ဦးဇော်ဝင်းထွန်း (ညွှန်ကြားရေးမှူး)၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မျိုးထက် ဦးစီး သန္ဓေတပ်ဖွဲ့ဝင်(၃၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၇၀)ဦး၊ အုပ်ချုပ်မှုယာဉ် (၂)စီး၊ ရေသယ်ယာဉ် (၅)စီး၊ မီးငြှိမ်းသတ်ယာဉ် (၁၀)စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ (၀၉း၂၈) အချိန်တွင် မီးညွန့်ကျိုးခဲ့ပြီး၊ (၀၉း၃၃)အချိန် မီးငြှိမ်းခဲ့ရာ၊ (၀၉း၃၅) အချိန်တွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ပါကြောင်းနှင့် မီးပေါ့ဆစွာသုံးစွဲသူ မနန္ဒာလင်းအား ဥပဒေအရ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုးသီဟ(အမရ)