မိုင်းဆတ် ဩဂုတ် ၁၃
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၂၅ ခုနှစ်အတွင်း ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် တာဝန်ပေးအပ်ခြင်းခံရသည့် အများယုံကြည်လေးစားခြင်းခံရသော ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာအဖွဲ့ဝင်များ တွေ့ဆုံမိတ်ဆက်ခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းလွင်ဦးက အဖွဲ့ခွဲဝင်များအနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်တင်ဝင်းက ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များတွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ ဖွဲ့စည်းဆောင်ရွက်ထားမှုအခြေအနေများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် လက်ရှိဆောင်ရွက်ပြီး/လျက်ရှိသည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား အကျယ်တဝင့် ဆွေးနွေးတင်ပြသည်။
ယင်းနောက် တက်ရောက်လာသော မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက လိုအပ်သည်များ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းလွင်ဦးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)