ဘားအံ ဩဂုတ် ၁၃
ကရင်ပြည်နယ်၊ ဘားအံမြို့၌ မုက္ကဒိကျေးရွာရှိ ရွှေဘုန်းကံ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းသို့ ကရင်ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အေးပွင့်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မုက္ကဒိကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် အသင်းသားတောင်သူ (၄၃)ဦးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူး ဒေါ်အေးပွင့်က သမဝါယမဦးစီးဌာန၏ လုပ်ငန်း တာဝန်များ၊ မိုးစပါးစိုက်ပျိုးရေးစီမံကိန်းနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များ၊ အသင်းသားများ လိုအပ်သည့် စိုက်ပျိုးရေးနည်းပညာဆိုင်ရာကိစ္စရပ်များအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် ချိတ်ဆက်၍ ပညာပေးဆောင်ရွက်ပေးမည့်အစီအစဉ်များ၊ နိုင်ငံတော်ဘက်ဂျက်မှ (၅၀%)ထောက်ပံ့ငွေဖြင့် ဒေဒေါင်း လယ်ယာသုံး စက်ကိရိယာ(၃)စီးအား အသင်းသားများ၏ လယ်ယာများတွင် သက်သာသောနှုန်း ထားများနှင့် ထွန်ယက်ခ ရယူဆောင်ရွက်ပေးမှုအခြေအနေများ၊ လုပ်ငန်းစတင်လည်ပတ်သည့် အချိန်မှစတင်၍ ယခုလက်ရှိအထိ ရရှိသည့်ထွန်ယက်ခများကို အသင်းပိုင်အနေဖြင့် ရန်ပုံငွေထားရှိမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး အသင်းသားများက သိရှိလိုသောအချက်များကို ပြည်နယ်ဦးစီးမှူးမှ ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)