မဟာအောင်မြေမြို့နယ်၊ CEA ကိုယ်ပိုင်အထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မဟာအောင်မြေ ဩဂုတ် ၁၃

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ CEA ကိုယ်ပိုင်အထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မဟာအောင်မြေမြို့နယ်၊ CEA ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဇော်မင်းနှင့် CEA ကိုယ်ပိုင်ကျောင်းတည်ထောင်သူ ဒေါ်အေးချမ်းဖြူတို့က အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးရှီးမွန်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်လည်း‌ကောင်း အသိပညာပေး ဟောပြောခဲ့ပြီး လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန (LMLECC)မှ ပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဗီဒီယိုမှတ်တမ်း (၂)ခုကို ပြသသည်။

ထို့‌နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးရှီးမွန်က CEA ကိုယ်ပိုင်အထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများကို ‌ လှူဒါန်းရာ CEA ကိုယ်ပိုင်ကျောင်း တည်ထောင်သူ ဒေါ်အေးချမ်းဖြူမှ လက်ခံရယူခဲ့သည်။

ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများက အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတရသစာအုပ်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း (ပြန်/ဆက်)