မြိတ် ဩဂုတ် ၁၃
မြိတ်တက္ကသိုလ်တွင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်ပညာရပ်များအပြင် အသိပညာ အတတ်ပညာနှင့် ပြည်စုံသည့် လူတော်လူကောင်းများ ဖြစ်စေရန် စာပေ၊ အနုပညာ၊ အားကစားပြိုင်ပွဲများကို ကဏ္ဍအလိုက် နှစ်စဉ် ကျင်းပပေးလျက်ရှိပြီး ယနေ့ နံနက်ပိုင်းက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ “ခါဝသန်အဆိုပြိုင်ပွဲ”ကို ကျင်းပခဲ့ကြောင်း သိရသည်။
“ခါဝသန်အဆိုပြိုင်ပွဲ”ကို အနုပညာဝါသနာပါသည့် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်စင်မြင့်မှသည် ခရိုင်အဆင့်၊ တိုင်းဒေသကြီးအဆင့်၊ ဗဟိုအဆင့်အထိ ဝါသနာကိုဖော်ထုတ်ပြီး ဝါသနာပါသည့် အနုပညာဖြင့် ရပ်တည်နိုင်သည်အထိ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ပြိုင်ပွဲကျင်းပခြင်းဖြစ်သည်။
ပြိုင်ပွဲကို မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေသွယ်ကြည်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တက္ကသိုလ်အနုပညာအသင်းမှ ကျောင်းသား၊ ကျောင်းသူများက အဆိုအကများဖြင့် ဖျော်ဖြေခဲ့ကြပြီး “ခါဝသန်အဆိုပြိုင်ပွဲ” စတင်ရာ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူ (၂၈) ဦးမှ ခေတ်အကြိုက်၊ ခေတ်အလိုက် တေးသီချင်းများဖြင့် ပြိုင်ပွဲဝင်သီချင်းများကို မဲနှိုက်၍ယှဉ်ပြိုင်ခဲ့ကြရာ တက္ကသိုလ်ပါမောက္ခချုပ်၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များ ယှဉ်ပြိုင်မှုအား ဒိုင်အဖွဲ့ဝင်များက အသံအရည်အသွေး၊ မျက်နှာဟန်ပန် အမူအရာ၊ ကိုယ်ပိုင်ဟန်ဖြင့်တီထွင် သီဆိုနိုင်မှု၊ ပရိသတ်၏ အာရုံကို ဆွဲဆောင်နိုင်မှု၊ ပရိသတ်အားပေးမှု အမှတ်ပေးစည်းမျဉ်းများဖြင့် အကဲဖြတ် အမှတ်ပေးခဲ့ကြသည်။ ပြိုင်ပွဲများအပြီးတွင် အကဲဖြတ်ဒိုင်များအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုလက်ဆောင်၊ ခေတ်အကြိုက်၊ ခေတ်အလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား မြိတ်တက္ကသိုလ်ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)