မြင်းခြံတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် စားပွဲတင် တင်းနစ်နှင့် စစ်တုရင်ပြိုင်ပွဲများ ကျင်းပ

မြင်းခြံ ဩဂုတ် ၁၃

မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (ဒုတိယပညာသင် ကာလ) နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (ပထမပညာသင်ကာလ) သင်တန်းနှစ်အသီးသီးအတွက် ဘာသာရပ်ပေါင်းစုံမှ စားပွဲတင် တင်းနစ်နှင့် စစ်တုရင်ပြိုင်ပွဲများ ကျင်းပခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က အားကစားခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြင်းခြံတက္ကသိုလ် ပါမောက္ခချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အားကစားပြိုင်ပွဲများဖြစ်သည့် စားပွဲတင် တင်းနစ် (အမျိုးသား) ပြိုင်ပွဲ၊ စားပွဲတင် တင်းနစ် (အမျိုးသမီး) ပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲများကို ယှဉ်ပြိုင်ဆော့ကစားခဲ့ကြသည်။

“ယနေ့ အားကစားပြိုင်ပွဲ ကျင်းပပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ အားကစားစိတ်ဓာတ်နှင့် ယှဉ်ပြိုင်ကြစေဖို့၊ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ တစ်ကိုယ်ကောင်း စိတ်ဓာတ်များ မထားရှိစေဖို့၊ အသင်းအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် ဇွဲလုံလ ဝီရိယများ ရှိစေရန်အတွက် အားကစားပြိုင်ပွဲများ ပြုလုပ်ပေးရခြင်း ဖြစ်ပါတယ်” ဟု မြင်းခြံတက္ကသိုလ် ပါမောက္ခချုပ်က ပြောသည်။

၂၀၂၄-၂၀၂၅ နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် စားပွဲတင် တင်းနစ်(အမျိုးသား) ပြိုင်ပွဲ၊ စားပွဲတင် တင်းနစ် (အမျိုးသမီး) ပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား မြင်းခြံတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူး)များက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။                        

ကျော်စွာ(မြင်းခြံ)