ပုသိမ်ကြီး ဩဂုတ် ၁၃
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းပြီး ဆက်သွယ်ရေးလိမ်လည်မှုတိုက်ရေးဆိုင်ရာ အသိပညာပေး ဗီဒီယိုပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က ပုသိမ်ကြီးရှိ အောင်ဇ္ဗူခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောင်းအုပ်ကြီး ဦမျိုးဇော်ခိုင်က အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇင်မင်းထွန်းက လန်ချန်း-မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်ထားရှိမှု မှတ်တမ်းဗီဒီယိုများအား အခြေခံပညာကျောင်းများတွင် သက်ဆိုင်ရာများနှင့် ချိတ်ဆက်ပြီး ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးခြင်းတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဆက်သွယ်ရေး လိမ်လည်မှုဆိုင်ရာ အသိပညာပေး ဗီဒီယိုများကို ပြသကာ ကျောင်းသား/ကျောင်းသူများ၏ ဆွေးနွေးမေးမြန်းမှုများအပေါ် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို (ပြန်/ဆက်)