လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်

လိပ်သို ဩဂုတ် ၁၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန် အတွက် Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာ သာထွန်းဦး ရေးသားသော “ကြွေးမြီကင်းသောဘဝနေမှု” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီက မြို့ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာပေသည် လူ၏အသိဉာဏ်ကို ဖွံ့ဖြိုးတိုးတက်စေပြီး စိတ်ကိုပါ ပြောင်းလဲနူးညံ့စေတတ်သောကြောင့် စာဖတ်ခြင်းဝါသနာကို ပျိုးထောင်သင့်ကြောင်းနှင့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။  

ဆက်လက်၍ စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် နော်ဆုဝတီထိုက်က “ အကျိုးမဲ့သောအကျင့်ကို အဆုံးသတ်ရန် ဖြစ်ပါသည် ” ခေါင်းစဉ်အောက်မှ “ ငွေသည် အရာရာတိုင်းကို ဖန်တီးပြုလုပ်ပေးနိုင်စွမ်းရှိသည်မှာ အမှန်ပင်ဖြစ်သော်လည်း သုံးစွဲသူ၏ ဉာဏ်ရည်ဉာဏ်သွေး ပေါ်မူတည်၍ အကောင်းဆုံးများ ဖြစ်လာပြီး အကျိုးခံစားရနိုင်သကဲ့သို့ အဆိုးဆုံးများဖြစ်လာပြီး အကြွေးနွံနစ်ခြင်းအဆိုးများလည်း ခံစားရနိုင်ကြောင်း၊ သင့်အနေဖြင့် ငွေစုဆောင်းနိုင်ပြီး လိုအပ်သော အရည်အချင်းများ ဖြည့်စွက်ကာ အတွေးအခေါ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ဆောင်ရွက်ပြီး လုံ့လဝီရိယ၊ ရိုးသားမှု၊ ကြိုးစားလုပ်ကိုင်မှုများမှတစ်ဆင့် ချမ်းသာကြွယ်ဝမှုကို ဖန်တီးနိုင်မှာဖြစ်ကြောင်း” စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ Book Club အဖွဲ့ဝင်များက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

စာရေးဆရာ ဒေါက်တာ သာထွန်းဦး ရေးသားသော “ကြွေးမြီကင်းသောဘဝနေမှု ” စာအုပ်အား ဖတ်ရှုခြင်းဖြင့် ဝင်ငွေကို ချင့်ချင့်ချိန်ချိန် အကျိုးရှိစွာ သုံးစွဲပြီး ကြွေးပူကင်းစွာဖြင့် ဘဝကို ဖြတ်သန်းနေကြသူများမှာ အတုယူအားကျထိုက်သူများဖြစ်ကြောင်း သိရသည်။

ခင်လေးနွယ် (ပြန်/ဆက်)