ရမည်းသင်း သြဂုတ် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ် အင်းကုန်းကျေးရွာ “ဘဝအလင်းစာကြည့်တိုက်”၌ ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်များ ပြသပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့် ယဉ်ကျေးမှု ဆိုသည်မှာ၊ ယဉ်ကျေးမှုအရေးကြီးပုံ၊ ကျောင်းသားလူငယ်များအနေဖြင့် ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ ယဉ်ကျေးဖို့လိုကြောင်း၊ ငယ်စဉ်ကစပြီး လိမ္မာယဉ်ကျေးသော ကလေးများ ဖြစ်လာစေရေး အသိပညာပေး ပြောကြား ခဲ့သည်။
အဆိုပါ ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လျှပ်စစ်အန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်၊ စာစောင်များအား ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
အေးအေးမွန်(ပြန်/ဆက်)