လှိုင်းဘွဲမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ အာဟာရရက်သတ္တပတ် လှုပ်ရှားမှု စံပြမိခင်ပြိုင်ပွဲနှင့် ချက်ပြုတ်သရုပ်ပြပွဲ အခမ်းအနား ကျင်းပ

လှိုင်းဘွဲ သြဂုတ် ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးခန်းမ၌ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော အာဟာရရက်သတ္တပတ် လှုပ်ရှားမှု စံပြမိခင်ရွေးချယ်ပြိုင်ပွဲနှင့် အာဟာရပြည့်ဝသည့် ဟင်းများ ချက်ပြုတ်သရုပ်ပြပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထွန်းလင်းအောင်က အာဟာရ ရက်သတ္တပတ် လှုပ်ရှားမှု၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန် ဒေါက်တာစောငြိမ်းထွန်းမှ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် အသက်(၅)နှစ်အောက် ကလေးငယ်များအတွက် ကျန်းမာရေးနှင့် ညီညွတ်သော အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ဆရာဝန်၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် ကလေးငယ်များအတွက် အာဟာရပြည့်ဝသော ဖြည့်စွက်စာများကို ထောက်ပံ့ပေးခြင်း၊ ကလေးငယ်များကို ဗီတာမင် (A) ဆေးလုံးများကို တိုက်ကျွေးပေးခဲ့ကြပြီးနောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ၊ ကလေးငယ်များအတွက် အာဟာရ ပြည့်ဝသည့် အစားအစာများကို ချက်ပြုတ်ကျွေးမွေးကြစေရေးအတွက် ရည်ရွယ်၍  သရုပ်ပြ ချက်ပြုတ်ပြသပေးခဲ့ကြကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)