မောက်မယ်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

မောက်မယ် သြဂုတ် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံလူငယ်လူရွယ် ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နေ့လယ် ၂ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက လူငယ်များနေ့အထိမ်းအမှတ်စတင်ဖြစ်ပေါ်လာပုံ၊ လှုပ်ရှားမှုပုံရိပ်များနှင့် လူငယ်များနေ့အဖြစ် သတ်မှတ်ရခြင်းအကြာင်းများကို ဆွေးနွေးဟောပြောခဲ့သည်။ ထို့နောက် အ.ထ.က(မောက်မယ်)၊ အ.လ.က(ခွဲ)(စျေးတန်း)နှင့် အ.လ.က(နမ့်လွတ်)ကျောင်းတို့မှ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများ(၁၃)ဦးတို့က အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ကြရာဆုရရှိသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။ ယင်းနောက် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် ဓာတ်ပုံများအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)