နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း နေပြည်တော် ဟိုတယ်ဇုန်(၂)အတွင်းရှိ ဟိုတယ်များ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၁၃

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင်  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ် ဟိုတယ်ဇုန်(၂) ရာဇသင်္ဂဟလမ်းမကြီး‌ဘေးရှိ ဟိုတယ်များသန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှု၊ မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ပြုပြင်မွမ်းမံဆောင်ရွက်နေမှုနှင့် ဧည့်သည်လက်ခံ၍ ဝန်ဆောင်မှုပေးနေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ကျေးလက်ဒေသခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊  ဟိုတယ်များချုံနွယ်ပိတ်ပေါင်းများရှင်းလင်း၍ မြင်ကွင်းပသာဒကောင်းမွန်အောင်ဆောင်ရွက်ရန်၊ ရေစီးရေလာကောင်းမွန်စေရေး၊ ဟိုတယ်အခန်းများအတွင်း ဧည့်သည်အသုံးအဆောင်ပစ္စည်းများ ပြည့်စုံအောင်စီစဉ်ထားရှိရန်၊ ဧည့်သည်များအားအရည်အသွေးကောင်းသော ဝန်ဆောင်မှုပေးနိုင်ရေးကြပ်မတ်ဆောင်ရွက်ရန်၊ ဟိုတယ်များပြန်လည်တည်ဆောက်ပြုပြင်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးကိုအထူးဂရုပြုဆောင်ရွက်ရန်၊  ဟိုတယ်ဝင်းအတွင်း နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ် တပ်ဆင်သုံးစွဲနိုင်ရေးတို့ကို တာဝန်ရှိသူများအားမှာကြားခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)