မိုင်းနောင် သြဂုတ် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မိဘ၊ ဆရာနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းက အဖွင့်အမှာပြောကြား၍ ကျောင်းအုပ်ဆရာကြီး ဦးဇော်မြင့်သိန်းက ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသော မိဘဆရာအသင်းဝင်များနှင့် ကျောင်းသားမိဘများအား ကျောင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအတွက် စီစဥ်ဆောင်ရွက်ထားရှိမှုများအားရှင်းလင်း၍ ထပ်မံဖြည့်စွက်လိုသည့် အချက်များရှိပါက အကြံပြုပြောကြားပေးပါရန် ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျောင်းသားမိဘများက သိရှိလိုသည့်အချက်များအား မေးမြန်းခြင်း ဖြည့်စွက်အကြံပြုခြင်း၊ ကျောင်းသား ကျောင်းသူများအောင်ချက်မြှင့်မားရေးနှင့် ထူးချွန်စွာအောင်ရေးအတွက် အဖက်ဖက်ကဝိုင်းဝန်းပံ့ပိုးပေးရမည့် ကိစ္စရပ်များအား ဆွေးနွေးကာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
မနန်း(မိုင်းနောင်)