မိုင်းပျဉ်း မြို့နယ်ပညာရေးမှူးဖလား ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိုးရာသီ ကျောင်း‌ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

မိုင်းပျဉ်း ဩဂုတ် ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် မြို့နယ်ပညာရေးမှူးဖလား ၂၀၂၅-၂၀၂၆ ပညာသင်နှစ် U-18(ကျား/မ)၊ U-13(ကျား/မ) မိုးရာသီကျောင်းပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယ‌နေ့နံနက် (၉) နာရီက မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အားကစားသမားများ ကွင်းအတွင်းသို့နေရာယူ၍ အခမ်းအနားကို စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ပြည်သူလတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သက်ထွေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ကျော်နှင့် မြို့နယ်ပညာရေးမှူးတို့က ဖဲကြိုးဖြတ်ပေးခြင်းဖြင့်လည်းကောင်း၊  အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက “မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်” သီချင်းဖြင့် ကပြ‌ဖျော်ဖြေ၍လည်းကောင်း အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်နန်းဟွမ်နွမ်းကအမှာစကားပြောကြာသည်။ ထို့နောက် အားကစားသမားများ အားကစားအဓိဌာန်ရွတ်ဆိုကြပြီး ပထမပွဲစဉ်အဖြစ် U-18(ကျား)အသင်းများမှ အ.ထ.က-မိုင်းပျဉ်းနှင့် အ.ထ.က-တုံတာ အသင်းတို့က စတင်ယှဉ်ပြိုင်ကစားကြသည်။

အဆိုပါ မြို့နယ်ပညာရေးမှူးဖလား ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိုးရာသီကျောင်းပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲကို ဩဂုတ်လ(၂၀)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး၊ ဖွင့်ပွဲအခမ်းအနားသို့ စစ်ဗျူဟာမှူးနှင့်တပ်နယ်မှအရာရှိများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအရာရှိများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ မြို့နယ်ပညာရေးမှူးနှင့်ပညာရေးဝန်ထမ်းများ၊ အခြေခံပညာကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား‌၊ကျောင်းသူများနှင့် ဘောလုံးအားကစားအသင်းများနှင့် အားကစားနည်းပြများ စုံလင်စွာတက်ရောက်အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်ဆက်)