ကျောက်ဆည် ဩဂုတ် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား၊ကျောင်းသူလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများနှင့် ပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးကိုယ်စား အထက်တန်းပြဆရာမ ဒေါ်ပုလဲဝါက အမှာစကား ပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ဦးဆောင်ပြီး လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ Grade-11 တန်း ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် မောင်ထူးပြည့်သန့်က “လူငယ်နှင့်ကျန်းမာရေး”၊ မရွှေပိုးအိက “လူငယ်နှင့်ပညာရေး”၊ Grade-10 တန်း ကျောင်းသူများဖြစ်သည့် မအိကြယ်စင်ဖြိုးက “လူငယ်နှင့်စာဖတ်ခြင်း”၊ မနှင်းပွင့်အေးက “စာပေကျေးဇူး” ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကာ အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမား ပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ မိုးခေါင်ရေရှားဘေးနှင့် ဆူနာမီအကြောင်း အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်မောင် (ပြန်/ဆက်)