မောက်မယ် သြဂုတ် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေရေးနှင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို နားလည်ချစ်မြတ်နိုးတတ်စေရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိများ နိုးကြားရှင်သန်စေရန်နှင့် ရာသီဥတုမျှတစေရန် ရည်ရွယ်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၈ နာရီက မောက်မယ်−ရွာသစ်သွားလမ်း (မြို့ရှောင်လမ်း)ဘေး ဝဲ/ယာ ၌ ဒုတိယအကြိမ် ၂၀၂၅ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပခဲ့သည်။
စိုက်ပျိုးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသက်နိုင်နှင့် ကော်မတီဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများတို့က သတ်မှတ်နေရာအသီးသီးတွင် တက်ရောက်၍ တပျော်တပါးစိုက်ပျိုးကြသည်။ အဆိုပါ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း(၅၀)ပင်၊ စိန်ပန်းပြာ(၅၀)ပင်၊ အာကေးရှား(၁၀၀)ပင်၊ မဟော်ဂနီ(၂၀၀)ပင် စုစုပေါင်း(၄၀၀)ပင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)