သာကေတ ဩဂုတ် ၁၃
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့်ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်ဆွေမြင့်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံး ဦးစီးအရာရှိဒေါ်အိရွှေစင်လတ်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်အားပြောကြားခြင်း၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူးဦးရဲရင့်ဘုန်းအိမ်က တိုင်းဆေးပညာအကြောင်း အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။
ထိုနောက် ကျောင်းသား၊ ကျောင်းသူများအား ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဥာဏ်စမ်းပြိုင်ပွဲများပြုလုပ်ပေးခဲ့ပြီးဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့်ကာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာမများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသော သုတ/ရသစာအုပ်စာစောင် များ၊ အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာလှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)