ငါန်းဇွန်မြို့ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်အသိပညာပေး

ငါန်းဇွန်      ဩဂုတ် ၁၃

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌    ဩဂုတ် ၁၂ ရက် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှကျောင်းသားကျောင်းသူများအား သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းခေါင်းစဉ်ဖြင့် ဆောင်ရန်၊ ရှောင်ရန်များကို လည်းကောင်း၊ မုန်တိုင်းဘေးအန္တရာယ် ခေါင်းစဉ်ဖြင့် ကျောင်းသား/သူများအား မုန်တိုင်းအတွက်ကြိုတင်ပြင်ဆင်ရန်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များ၊ ဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းများ၏ အန္တရာယ်ကို နားလည်သဘောပေါက်လွယ်စေရန် အရောင်ဖြင့် သတိပေးစနစ်များ၊ မိမိတို့နှင့်အတူရှိနေရမည့် အရေးပေါ်သုံးပစ္စည်းများကိုလည်းကောင်း အသိပညာပေး ဆွေးနွေးဟောပြောသည်။

ဆက်လက်၍ ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းနှင့် သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။         

သက်နောင်ဦး(ငါန်းဇွန်)