တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားတက်ရောက်

ထားဝယ်     ဩဂုတ် ၁၃

“လူငယ်စွမ်းအားမှသည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ဆီသို့စသည့်ဆောင်ပုဒ်နှင့်အညီ ၂၀၂၅ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့" အခမ်းအနားကို ဩဂုတ် ၁၂ရက် နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ မြို့တော် ခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကို နှစ်စဉ်ဩဂုတ်၁၂ရက်ရောက်တိုင်း ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင်းပလေ့ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ရပ်ရွာအကျိုးပြုလုပ်ငန်းများ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လူငယ်များပိုမိုပူးပေါင်းပါဝင်လာစေရန်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို လူငယ်လူရွယ်များပိုမိုသိရှိပြီး ပါဝင်ဆင်နွှဲလာကြစေရန်နှင့် လူငယ်များ၏လိုလားချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီအနေဖြင့် ဆယ်ကျော်သက်လူငယ်များကျန်းမာကြံ့ခိုင်ရေး၊ စိတ်ဓာတ်၊ စည်းကမ်း၊ လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးနှင့် ပြည်ထောင်စုစိတ်ဓာတ်များရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများလူငယ် စကားဝိုင်းများကို နိုင်ငံတစ်ဝန်းကျင်းပပေးလျက်ရှိသကဲ့သို့ လူငယ်များအလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် နည်းပညာပေးသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျှက်ရှိကြောင်း၊ ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုသကဲ့သို့ လူငယ်များသည် နောင်တွင် ဦးစီးဦးဆောင်ပြုရမည့်သူများဖြစ်လာကြမည်ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်ပြီး သဟဇာတဖြစ်သည့် အနာဂတ်လူ့ဘောင်အဖွဲ့အစည်းကို ထူးချွန်ထက်မြက်သော၊ ကျန်းမာကြံ့ခိုင်သည့် မှန်မှန်ကန်ကန်တွေးခေါ်နိုင်စွမ်းရှိပြီးအကျင့် စာရိတ္တကောင်းမွန်သော၊ စိတ်ဓာတ်စည်းကမ်း ကောင်းမွန်သော လူတော်လူကောင်းများနှင့်သာလျှင် ဖန်တီးတည်ဆောက်နိုင်ရန် နိုင်ငံ၏အနာဂတ်အတွက် မျှော်ကိုးပြီး လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များကို သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ၊ ကော်မတီဝင်များနှင့် တာဝန်ရှိသူအားလုံးက ကြိုးပမ်းအားထုတ်သွားကြရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက်အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ပေးပို့သော သဝဏ်လွှာအား တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင်က ဖတ်ကြားသည်။

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်က တက္ကသိုလ်/ဒီဂရီကောလိပ်အဆင့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပြီး တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက အခြေခံပညာအထက်တန်းအဆင့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများ ၊ ဗဟိုအဆင့်အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ (အလယ်တန်းအဆင့် Grade-7) တွင် ပထမရရှိသည့် ထားဝယ်မြို့အမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်းမှ Grade-7ကျောင်းသား မောင်သက်ပိုင်လင်း၊ ဗဟိုအဆင့်အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ (အလယ်တန်းအဆင့် Grade-8)တွင် ပထမရရှိသည့် ထားဝယ်မြို့ဆရာမိုးဒီပညာရွှေပြည် ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-8 ကျောင်းသားမောင်မိုးဇော်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ပြေးခုန်ပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၅)ခု ဆွတ်ခူးရရှိခဲ့သည့် မြိတ်မြို့နယ်မှ ပြေးခုန်ပစ်အားကစားသမား မနွေဦးခိုင်နှင့် ရွှေတံဆိပ် (၄)ခု ဆွတ်ခူး ရရှိခဲ့သည့် လောင်းလုံး မြို့နယ်မှပြေးခုန်ပစ် အားကစားသမား မအိအိဝိုင်းတို့ကို  ဆုများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ထားဝယ်ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသူ/ကျောင်းသားများက လူငယ်ဂုဏ်ပြု တေးသီချင်း၊ ထားဝယ်တက္ကသိုလ်မှ ကျောင်းသူများက ရေအိုးရွက်အကနှင့် ထားဝယ်ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသူ/ ကျောင်းသားများက တိုင်းရင်းသားပေါင်းစုံ ယဉ်ကျေးမှုအကတို့ဖြင့် ဖျော်ဖြေသည်။

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများ အား ကြည့်ရှုအားပေးကြကြောင်းသိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)