ကရင်ပြည်နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းများပေးနိုင်ရေး၊ ခြေတုလက်တုနှင့် ရှေးဦးပြုစုခြင်းဆိုင်ရာသင်တန်းများဖွင့်လှစ်ပေးရေးဆွေးနွေး

ဘားအံ     ဩဂုတ် ၁၃

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၁၀ နာရီက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) ဌာနေကိုယ်စားလှယ် Mr.Arnaud de Baecque နှင့်အဖွဲ့ အား ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် (ICRC) ဌာနေကိုယ်စားလှယ်တို့သည် ကရင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာသူများ၏ အရေးကိစ္စများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ အလုပ်အကိုင်အခွင့်အလမ်းများပေးနိုင်ရေး၊ ခြေတုလက်တုနှင့် ရှေးဦးပြုစုခြင်းဆိုင်ရာ သင်တန်းများကျယ်ကျယ်ပြန့်ပြန့်ဖွင့်လှစ်ပေးနိုင်ရေးကိစ္စရပ်များကို အဓိကထားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)