ထားဝယ်မြို့ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်

ထားဝယ်       ဩဂုတ် ၁၂

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ထားဝယ်မြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က “ပညာဘဏ်တိုက်စာကြည့်တိုက်ဟူ၍ အဆိုရှိကြောင်း၊  စာကြည့်တိုက်များကို အသိပညာ အတတ်ပညာဟူသော အဖိုးထိုက်၊ အဖိုးတန် ဘဏ္ဍာများ သိုလှောင်သိမ်းဆည်းရာဘဏ်တိုက်များအဖြစ် တင်စားထားခြင်းဖြစ်ကြောင်း၊ စာအုပ်စာပေ ဖတ်ရှုလေ့လာခြင်း၏အကျိုးကို ကျောင်းသားကျောင်းသူများသိရှိနားလည်ရန် ဆရာ၊ ဆရာမများက ရှင်းလင်းပြောကြားပေးကြရမည်ဖြစ်ပြီး ကျောင်းသားကျောင်းသူတိုင်းစာဖတ်သူများဖြစ်လာစေရန် လည်း အားပေး တိုက်တွန်းကြရန် လိုအပ်ကြောင်း၊ ကျောင်းနေအရွယ်ကလေးများ ကျောင်းတွင် မဖြစ်မနေပညာ သင်ကြားကြရခြင်းမှာ ၎င်းတို့၏ အနာဂတ်ခရီးလမ်းကို ကောင်းမွန်စွာ ဖြတ်သန်းနိုင်ကြရန်ဖြစ်သကဲ့သို့ နိုင်ငံ့တာဝန်များကိုလည်း အသိပညာ၊ အတတ်ပညာများဖြင့် ကျေပွန်စွာထမ်းဆောင်နိုင်ကြရန် ဖြစ်ကြောင်း၊ ကျောင်းသင်ပညာရပ်များသာမကဖတ်ရှုခြင်းမှရရှိလာသည့် ဗဟုသုတအသိတရားများနှင့်ပါ ပြည့်စုံသည့်လူသားအရင်းအမြစ်ကောင်းများကို စာပေဖတ်ရှုသည့် အလေ့အကျင့်များဖြင့် ပြုစုပျိုး ထောင်ကြရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လူငယ်စာပေဆွေးနွေးပွဲတွင်ပါဝင်သည့် ကျောင်းသား/ ကျောင်းသူလေးဦးကို ဂုဏ်ပြုဆုချီးမြှင့်ပြီး ကျပန်းစကားပြောပြိုင်ပွဲ(အထက်တန်း) အဆင့်တွင် ဆုရရှိသော ကျောင်းသား ကျောင်းသူ ငါးဦးအား ဆုချီးမြှင့်ကာ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေးက စာစီစာကုံး (အထက်တန်း) အဆင့်တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူငါးဦးအား ဆုချီးမြှင့်သည်။

ဆက်လက်၍တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်က စာဖတ်စွမ်းရည် (အလယ်တန်း) အဆင့်တွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူငါးဦးကိုလည်းကောင်း၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးဦးမောင်ကြီးက စာစီစာကုံး (အလယ်တန်း) အဆင့်တွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူငါးဦးကိုလည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က ပုံပြင်ပြောပြိုင်ပွဲ(မူလတန်း)အဆင့်တွင်ဆုရရှိသောကျောင်းသား/ကျောင်းသူများအားလည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။

ယင်းနောက်တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်း နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကြ သည်။

ထို့နောက် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ မဟာ ရွှေဂုဏ်ထူးကိုယ်ပိုင်အထက်တန်းကျောင်း၊ တိုင်းဒေသကြီးစာကြည့်တိုက်များ ဖောင်ဒေးရှင် တို့က အထက်တန်းကျောင်း(၄)ကျောင်းရှိ စာကြည့်တိုက်များအတွက် စာအုပ် စာစောင်များကို နှင့် Princess PhikonCo;Ltd Founder & CEO မဟာရွှေဂုဏ်ထူး ကိုယ်ပိုင် အထက်တန်းကျောင်း တည်ထောင်သူ ဦးဇော်ညွှန့်က‌ ကျောင်းစာကြည့်တိုက်တွင် စာအုပ်စာစောင် ဝယ်ယူရန်အတွက် အလှူငွေကျပ်ငါးသိန်း၊ အလှူရှင်ဒေါ်ခင်စုလတ်က အလှူငွေကျပ်နှစ်သိန်း၊ အလှူရှင်ဒေါ်အေးခိုင်က အလှူငွေကျပ်နှစ်သိန်းတို့ကိုပေးအပ်လှူဒါန်းရာ ကျောင်းအုပ် ဆရာမကြီးက လက်ခံယူသည်။

ထို့နောက်ဆုရရှိသောကျောင်းသားက ပြိုင်ပွဲဝင်ခေါင်းစဉ်များဖြင့်ပြန်လည်သရုပ်ပြပြီး အထက(၄) ကျောင်းသား/ကျောင်းသူလေးများက ကိုယ်တိုင်တီးခတ်၍ လုံချည်စိမ်းနှင့်အင်္ကျီဖြူ”သီချင်းသီဆို  ဖျော်ဖြေခဲ့ကြကြောင်း  သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)