ဟားခါး သြဂုတ် ၁၂
၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီကဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ဟားခါးတက္ကသိုလ်ဒုတိယပါမောက္ခချုပ်၊ ပြည်နယ်လူငယ်ရေးရာ ကော်မတီဝင်များ၊ အဆင့်မြင့်ပညာအဆင့် ပြိုင်ပွဲများနှင့် အခြေခံပညာအဆင့် ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယနေ့ ကမ္ဘာ့လူဦးရေ၏ ၁၅ ဒသမ ၄ ရာခိုင်နှုန်း၊ ၂၀၂၄ ခုနှစ် ရှေ့ပြေးသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ၏ ၃၄ ရာခိုင်နှုန်းခန့်ဟာ လူငယ်များဖြစ်သည်ဟုသိရပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ရှေ့ရေးအနာဂတ်ဟာ ယနေ့လူငယ်များ၏ အရေအတွက် ရာခိုင်နှုန်းအချိုးအစားအပြင် လူငယ်ထု၏အရည်အချင်းအပေါ်တွင် တည်မှီနေ ကြောင်း ၊ မြန်မာနိုင်ငံ၏ လူငယ်အရေအတွက် ရာခိုင်နှုန်းအချိုးအစားသည် ကမ္ဘာ့လူငယ်ထုရာခိုင်နှုန်း ထက် နှစ်ဆကျော်ခန့် သာလွန်ကောင်းမွန်သော အနေအထားကို ပိုင်ဆိုင်နေပါကြောင်း ၊ ယင်းကဲ့သို့ သော အားသာချက်ကိုအကြောင်းပြု၍ ဗလငါးတန်ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် စီမံဆောင်ရွက်ပေး နိုင်မည်ဆိုပါက နိုင်ငံ့အနာဂတ်အတွက် အခြေအနေကောင်းသွားမည်ဖြစ်ပါကြောင်း ၊ သို့ဖြစ်၍ လူငယ့်ရေးရာကိစ္စအဝဝကို စနစ်တကျ ကိုင်တွယ်ပေးမည့် ဝန်ကြီးဌာနတစ်ခုပေါ်ပေါက်လာသည်ကို ကြိုဆိုအားပေး ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းဖိတ်ခေါ်လိုပါကြောင်း ၊ ဆက်စပ်ဌာန များဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ သိပ္ပံနှင့်နည်းပညာ၊ လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေး ဌာန၊ သစ်တော၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန စသည်ဖြင့် အားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြမည်ဆိုပါက လူငယ်ကဏ္ဍအားဖြင့် အနာဂတ်လူ့ဘောင်အဖွဲ့အစည်း ကိုလှပစွာ တဖက်တလမ်းမှ ဖော်ဆောင်ပေးနိုင်မည်ဟုယုံကြည်ပါကြောင်းဖြင့် အမှာစကား ပြောကြားသည်။
ယင်းနောက် ခေတ္တလူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှက ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်မှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားပြီး ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် ဗီဒီယိုမှတ်တမ်းပြသ သည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ရွှေတံဆိပ်ဆုများ ရရှိအောင် ချင်းပြည်နယ်ဂုဏ်ဆောင် ကြိုးစားပေးခဲ့သော လူငယ်အားကစား (၃) ဦးအား ပြည်နယ် ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ရာ လူငယ်အားကစားသမားများကိုယ်စား (၁) ဦးက လက်ခံရယူပြီး အဆင့်မြင့်ပညာအဆင့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများအား ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုးကလည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများအား သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်းကလည်းကောင်း ဂုဏ်ပြုချီးမြှင့်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)