သာစည် ဩဂုတ် ၁၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ကျေးရွာ အုပ်စုကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အဖွင့်အမှာစကား ပြောကြားရာတွင် သာစည်မြို့နယ်အနေဖြင့် မိုးစပါးစိုက်ဧက ၃၉၄၁၅ ဧကတွင် ဧက (၂၀၀၀) ထောင်ကို ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် လျာထားဆောင်ရွက်သွားမည်ဖြစ်ပါ၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်/ကျေးစာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပါဝင်သော ကျေးရွာအုပ်စုကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းတာဝန် ပေးအပ်ရခြင်း ဖြစ်ပါကြောင်းနှင့် ကြီးကြပ်ရေးအဖွဲ့တွင် ပါဝင်ကြသူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဝင်များက ပန်းတိုင်အထွက်နှုန်း ရရှိရေး၊ ကျေးရွာအုပ်စု ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်လွှာများကို အဖွဲ့ဝင်များထံသို့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)