ပြည်ကြီးတံခွန်မြို့နယ် အ.ထ.က(ခွဲ) လ-၂၅ ကျောင်းတွင် လူငယ်ရေးရာ ဟောပြောပွဲ ကျင်းပ

ပြည်ကြီးတံခွန် ဩဂုတ် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ.ထ က (ခွဲ) လ-၂၅ ကျောင်းခန်းမတွင် ယနေ့ မွန်းလွဲ (၁) နာရီက လူငယ်ရေးရာ ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

‌အဆိုပါ ဟောပြောပွဲတွင် လူငယ်၊ လူရွယ်များ အသိပညာ ဗဟုသုတများ ကြွယ်ဝစေရန်၊ ညဏ်ရည်ညဏ်သွေး ထက်မြက်နေစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ၊ ဦးစီးအရာရှိ ဦးလှိုင်ဝင်းသန်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဖြစ်သည့် လေထု၊ ရေထု၊ မြေထု factor အမျိုးအစားဆိုင်ရာများ၊ အမှိုက်များ စနစ်တကျ ခွဲခြားစွန့်ပစ်ဖို့ရန်၊ အမှိုက်စွန့်ပစ်ရာတွင် အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်နှင့် ဘေးအန္တရာယ်ရှိသော အမှိုက်များဟူ၍ ခွဲခြားကာ စနစ်တကျ စွန့်ပစ်တတ်စေရန်၊ အမှိုက်များ စနစ်တကျ မစွန့်ပစ်ပါက ဖြစ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများ၊ ဘေးထွက်ဆိုးကျိုးဆိုင်ရာများကို မှာကြားရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က  လူငယ်လူရွယ်များ စာများများဖတ်ဖို့ရန်၊ အားလပ်ချိန်များတွင် စဉ်ဆက်မပြတ် စာပေဗဟုသုတ များကို ဖတ်ရှုလေ့လာဖို့ရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် ရရှိလာမည့် စာပေအကျိုးကျေးဇူး အကြောင်းအရာများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုလေ့လာနိုင်ပါကြောင်း မှာကြားဟောပြောခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများကလည်း အသီးသီး မေမြန်းဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

 ယင်းနောက် ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်စာစောင်များနှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကိုလည်း စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ပြီး ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ပြန်/ဆက်)