ကျေးသီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်စကားဝိုင်းကျင်းပ

ကျေးသီး သြဂုတ် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးသီးမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့်  လူငယ်စကားဝိုင်းကို ဩဂုတ် ၁၂ ရက် နံနက် ၉ နာရီခွဲက အခြေခံ ပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အလယ်တန်းပြဆရာမ ဒေါ်ဌေးဌေးမြင့်က အဖွင့်အမှာစကားပြောကြား၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်စန်းစန်းယဉ်က လူငယ်စကားဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ကြည်ပြာဝေမှ လူငယ်နှင့်ကျန်းမာရေးအကြောင်း ဆွေးနွေးခဲ့ကြောင်းနှင့် အမျိုးသမီးရေးရာအသင်းအဖွဲ့ဝင်များမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ Grade-7 ကျောင်းသား မောင်ရှိုင်းပြည့်မှ လူငယ်နှင့်စာရိတ္တ၊ Grade-8 ကျောင်းသူ နန်းစဝ်လောဝ်နွံမှ လူငယ်နှင့်မူးယစ်ဆေး၊ Grade-7 ကျောင်းသူ နန်းမောက်ကျောက် စဉ်းသျှီမှ လူငယ်နှင့်ယဉ်ကျေးမှု၊ Grade-6 ကျောင်းသား မောင်ရဲရင့်မြင့်မိုရ်အောင်မှ လူငယ်နှင့် အားကစား၊ Grade-6 ကျောင်းသူ ယိင်းဟွမ်နွမ်းဆီမှ လူငယ်နှင့်ဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်းခမ်းအနားသို့ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုင်းငင်း(ပြန်/ဆက်)