ပြင်ဦးလွင် ဩဂုတ် ၁၃
နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ပေါ်ထွန်းလာစေရေးနှင့် လူငယ်ကဏ္ဍကို မြှင့်တင်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြ ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားပြီး ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို စတင်ကျင်းပရာ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက Moderator အဖြစ် ဆောင်ရွက်ပြီး အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ Grade-(11) ကျောင်းသား၊ ကျောင်းသူများဖြစ်သော မဇွန်လင်းမြတ်စံက “လူငယ်နှင့်နည်းပညာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ထူးဝေယံလင်းက “လူငယ်နှင့်ပညာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မစံမှီခိုင်က “လူငယ်နှင့် Social Media” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်သီဟဇော်က “လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မခိုင်ယုယုသွင်က “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဦးဆောင်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ကြူကြူက ကျောင်းသား၊ကျောင်းသူများ ဆွေးနွေးခဲ့ကြသည့်အပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် အခြေခံကာ မိမိတို့ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ဦးဆောင်ဆွေးနွေးခဲ့သော ကျောင်းသား၊ ကျောင်းသူများက မေးမြန်းချက်များအပေါ် ဖြေကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား တာ၀န်ရှိသူများက ဂုဏ်ပြုကတ်များနှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ပြီး မေးခွန်းမေးမြန်းဆွေးနွေးခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက ဂုဏ်ပြုအမှတ်တရ လက်ဆောင်များ ပေးအပ်ပြီး လူငယ်စကားဝိုင်းအား အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား နံရံကပ်စာအုပ်၊ စာစောင်များအား ခင်းကျင်းပြသပေးခဲ့ကြသည်။ အဆိုပါ လူငယ်စကားဝိုင်းသို့ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ကြူကြူ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သွေးသွေး(ပြန်/ဆက် )