မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်ဧက (၆၆၆) ဧကနှင့် အခြားသီးနှံ စိုက်က (၈) ဧကတို့အတွက် တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ် ထုတ်ချေးပေး

မြစ်သား ဩဂုတ် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်ဧက (၆၆၆) ဧကနှင့် အခြားသီးနှံစိုက် ဧက (၈) ဧကအတွက် မြင်းရွာကြီးအုပ်စု၊ လက်ပံဆိပ်အုပ်စုနှင့် အုံးကုံးမိုင်းလမ်းအုပ်စုတို့ရှိ တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ် ထုတ်ချေးပေးခြင်းကို ယနေ့နံနက် (၉) နာရီခွဲက မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရုံး၌ ငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရာတွင် မြစ်သားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်မန်နေဂျာ ဒေါ်အေမီမီခန့်က ယခင်နှစ် ချေးငွေ‌ကြွေးကျန်အားလုံး ပြန်လည်ပေးဆပ်ပြီးသော တောင်သူများကိုသာ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် မြန်မာ့အာမခံလုပ်ငန်းမှ ခရိုင်တာဝန်ခံ ဦးကိုကိုအောင်က ၂၀၂၅ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေယူသော တောင်သူလယ်သမားများအနက် မိုးစပါးသီးနှံစိုက်ပျိုးသော တောင်သူများက ချေးငွေရယူသည့် ဧကအလိုက် မဖြစ်မနေ အာမခံထားရှိပြီး ကြိုတင်သတ်မှတ်ထားသော မိုးရေချိန် အညွှန်းကိန်းများထက် လျော့နည်း၍ မိုးရွာသွန်းခြင်းနှင့် ရေကြီးနစ်မြုပ်ပျက်စီးခြင်းများအပေါ် အခြေခံ၍ လျော်ကြေးပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ယခုနှစ် ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ မိုးစပါးနှင့် အခြားသီးနှံ စိုက်ပျိုး ဧက (၆၇၄) ဧက စိုက်ပျိုးနိုင်ရန်အတွက် မြင်းရွာကြီးအုပ်စု၊ လက်ပံဆိပ်အုပ်စုနှင့် အုံးကုံးမိုင်းလမ်း အုပ်စုတို့ရှိ တောင်သူလယ်သမား (၁၅၀) ဦးအား စုစုပေါင်း ချေးငွေကျပ် (၁၀၀၇) သိန်း  ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

စိုက်ပျိုးစရိတ် ချေးငွေယူမည့် တောင်သူများအနေဖြင့် ပုံစံ (၇) အမည်ပေါက်ရှိရမည်ဖြစ်ပြီး၊ ကျေးရွာအလိုက် ဖွဲ့စည်းပေးထားသည့် မိုးစပါးချေးငွေစိစစ်ရေးအဖွဲ့၏ ထောက်ခံချက်၊ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်တို့ ပါရှိမှသာ ချေးယူခွင့်ရရှိပြီး စပါးစိုက်တစ်ဧကလျှင် ကျပ် ၁၅၀၀၀၀/- နှင့် အခြားသီးနှံတစ်ဧကလျှင် ကျပ် ၁၀၀၀၀၀/- နှုန်း ချေးပေးခြင်းဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့် (မြစ်သား)