နေပြည်တော် ဩဂုတ် ၁၂
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးသည် တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့၊ စက်ရုံကျေးရွာနှင့် ညောင်ပင်သာကျေးရွာများရှိ တောင်သူများ၏ အောင်နိုင်တိုးစပါးမျိုး ကောက်စိုက်နေမှုနှင့် ထိုင်းနှံကောက်စပါးမျိုးစေ့ချစိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးပြီး သီးနှံစိုက်ပျိုးမြေများကို ပလပ်မြေမထားပဲ နွေ၊ မိုး၊ ဆောင်း ရာသီပြည့် သီးနှံများစိုက်ပျိုးနိုင်ရေး၊ စပါးစိုက်တောင်သူများအနေဖြင့် မျိုး၊ မြေ၊ ရေ၊ နည်းလမ်းများ မှန်ကန်အောင်ဆောင်ရွက်နိုင်ရေး၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းထက် ကျော်လွန်ထွက်ရှိနိုင်ရေး၊ သီးထပ်စွမ်းအား တိုးမြှင့်နိုင်ရေးအတွက် အထွက်တိုး မျိုးကောင်းမျိုးသန့်စပါးများစိုက်ပျိုးနိုင်ရေး၊ မိုးစပါး စိုက်ခင်းများအတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများ စနစ်တကျတူးဖော်ဆောင်ရွက်ထားရှိရေး၊ သဘာဝမြေဆွေးများပြုလုပ်ပြီး လယ်ယာမြေများအတွင်း ထည့်သွင်းအသုံးပြုစိုက်ပျိုးနိုင်ရေး၊ မိုးစပါးစိုက်ကွင်းများတွင် ပေါင်းမြက်များ အချိန်မီရှင်းလင်းနိုင်ရေးတို့ကို စနစ်တကျဆောင်ရွက်ရန်နှင့် စိုက်ပျိုးရေပေးဝေနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ တောင်သူများအား စိုက်ပျိုးရေး သွင်းအားစုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)