စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားအကြို ဉာဏစွမ်းရည်ပြိုင်ပွဲများ စတင်ကျင်းပ

ဒဂုံဆိပ်ကမ်း ဩဂုတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်သည် ရပ်ကွက်(၂၈)ရပ်ကွက်၊ ကျေးရွာ(၄)ရွာဖြင့် ဖွဲ့စည်းထားသော မြို့တစ်မြို့ဖြစ်ပြီး အခြေခံပညာကျောင်းပေါင်း (၂၀) ကျောင်းရှိပါသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရုံးအနေဖြင့် အဆိုပါကျောင်းများအနက်မှ (၂၀၂၅ -၂၀၂၆ ) ပညာသင်နှစ်အတွက် ကျောင်းပေါင်း(၁၀)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားများ ကျင်းပရန် လျာထားခဲ့ပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ပြီး ယခုလတွင် အမှတ် (၃) အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် အခြေခံပညာဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့နှင့် ပူးပေါင်း၍ အမှတ်(၆၉) ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ပံ့ပိုးကူညီမှုဖြင့် အဆိုပါကျောင်း၌ ဩဂုတ်လ (၁၆) ရက်နေ့တွင် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားအခမ်းအနားအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါအခမ်းအနားမတိုင်မီ ဉာဏစွမ်းရည်အကြိုပြိုင်ပွဲများအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရုံး၊ (Community Centre) ခန်းမတွင် စာစီစာကုံးပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရေးစပ်နည်းပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စကားရည်လုပြိုင်ပွဲများ၊ လူငယ်စကားဝိုင်းနှင့် စာဖတ်ဝိုင်းများအား ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့ဩဂုတ်လ(၁၁)ရက်နေ့မှ စတင်ကာ ဟောပြောပွဲနှင့် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲအား ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရုံး မြို့နယ်ဦးစီးမှူး ဦးစည်သူမောင်မောင်က လူငယ်များဗလငါးတန်ပြည့်စုံရေးနှင့် စာဖတ်ခြင်းဖြင့် အောင်မြင်လာခဲ့သည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များအကြောင်းအား ဉပမာပေး၍ အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ စာရေးဆရာ ချစ်မုန်းငြိမ်းက လူငယ်နှင့်စာပေ၏ တန်ဖိုးကြီးမားပုံအကြောင်းအားလည်ကောင်း၊ ကဗျာဆရာ မောင်မောင်သက်ထွန်း(လှော်ကား)က ကဗျာ၏ အနှစ်သာရခေါင်းစဉ်ဖြင့်လည်းကောင်း၊ အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် စာပေနှင့်ပတ်သတ်သည့် ပုံပြင်ခေါင်းစဉ်များအား မဲနှိုက်ပြီး ကျရာခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ခဲ့ကြပါသည်။ ပြိုင်ပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရုံး၊ (Community Centre) ခန်းမတွင် ခင်းကျင်းပြသထားသော အသိပညာပေးစာအုပ်စာ‌စောင်များနှင့် နံရံကပ်များ စာစောင်များအား ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများကို ပြသခဲ့ပါသည်။

မြို့နယ် (ပြန်/ဆက်)