တိုက်ကြီးမြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပ

တိုက်ကြီး ဩဂုတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့နှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိ ပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(ဖလုံ)လှိုင်ပညာတန်ဆောင်ခန်းမ၌ ကျင်းပသည်။

ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဌေးနိုင်က လန်ချန်း-မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာနမှပေးပို့သည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာသိကောင်းစရာများကို ကျောင်းသား၊ ကျောင်းသူများဗဟုသုတရရှိစေရေး အသိပညာပေးဟောပြောသည်။

ထို့နောက်တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနနှင့် ကမ္ဘောဒီးယားနိုင်ငံပြည်ထဲရေးဝန်ကြီးဌာနတို့မှ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးသဘောတရားကို အများပြည်သူသို့မိတ်ဆက်ပေးနိုင်မည့် ဗီဒီယိုမှတ်တမ်း ၂ ခုကို ပြသခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)