တံတားမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

တံတား ဩဂုတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီအချိန်က တံတားမြို့ အမှတ် (၂) ရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်း‌ကျောင်းသို့သွားရောက်၍ နယ်လှည့်စာကြည့်တိုက်နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာများဖြစ်သည့် ရေကြီးခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေပြိုခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ လျှပ်စစ်စီးခြင်း စသည့်အန္တရာယ်များ ဖြစ်ပေါ်လာနိုင်၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကြိုတင်ကာကွယ်သတိပြုကြရန်လိုအပ်ကြောင်း၊ တစ်ဦးချင်းအလိုက်၊ မိသားစုအလိုက် ဆောင်ရွက်ချက်များ၊ ဆောင်ရန်/ရှောင်ရန်အချက်များကို ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်  ကြိုတင်ကာကွယ်ရေး နံရံကပ်စာစောင်များနှင့် စာအုပ်၊ စာစောင်တို့ကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြ‌ကြောင်း သိရသည်။

ခန့်စည်သူဝင်း (ပြန်/ဆက်)