ရန်ကုန် ဩဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံမြန်မာ့သိုင်းပြိုင်ပွဲ(၂၀၂၅ ခုနှစ်)တွင် စွယ်စုံတံခွန်စိုက်ဆုရရှိခဲ့ကြသော မြို့နယ်ဂုဏ်ဆောင်အားကစားမောင်မယ်များကို ထပ်ဆင့်ဂုဏ်ပြုခြင်းနှင့် စွယ်စုံရတံခွန်စိုက်ဆုအပ်နှင်းခြင်းအခမ်းအနားကို မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီးရုပ်ရှင်ရုံခန်းမ၌ ဩဂုတ်လ ၁၀ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ သန်းကြွယ်ကမ္ဘာကုမ္ပဏီလီမိတက် သိန်းသန်းစက်မှုလက်မှု (၇၇၇)ခြေတု-လက်တုလုပ်ငန်း အုပ်ချုပ်မှုဒါရိုက်တာဒေါက်တာသန်းထွန်းဦးက အမှာစကားပြောကြားခဲ့ပြီးနောက် အားကစားသမားမောင်မယ်များက အဖွဲ့လိုက်ဖြင့်လည်းကောင်း၊ တစ်ကိုယ်တော်ဓါးနှစ်လက်စသည့်သိုင်းစွမ်းရည်များကို သရုပ်ပြကြသည်။
ထို့နောက် ၂၀၂၅ ခုနှစ် မြန်မာ့သိုင်းပြိုင်ပွဲတွင်ဆုရရှိခဲ့ကြသော အားကစားသမားမောင်မယ်များကို ဂုဏ်ပြုဆုတံဆိပ်နှင့်ဆုငွေများအား တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အုပ်ချုပ်သူနည်းပြနှင့်အားကစားသမားများက စွယ်စုံတံခွန်စိုက်ဆုဖလားများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မ တီဥက္ကဋ္ဌဦးထူးကျော်နှင့် တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ကြသည်။
ဆက်လက်၍ ဒဂုံမင်းစစ်နိုင်သိုင်းအဖွဲ့ချုပ်ဆရာကြီးဦးစိန်ဝင်းက ကျေးဇူးတင်စကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ခိုင်ဇာဝေက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
မင်းသိန်းထွန်း