တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ကလေးစာဖတ်ခန်း၌ ရုပ်ပုံပြပုံပြင်ဖတ်ပြခြင်း ဆောင်ရွက်ပေး

တာလေ ဩဂုတ် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန် ယနေ့နံနက် (၁၀)နာရီအချိန်က အဆိုပါရုံးရှိ ကလေးစာဖတ်ခန်း၌ ရုပ်ပုံပြပုံပြင်ဖတ်ပြခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ (အင်အားပြ) ဒေါ်ရီရီထွန်းက ရုပ်ပုံပြပုံပြင်စာအုပ်များဖတ်ပြခဲ့ရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ နားထောင်ခဲ့ကြပြီးနောက် ကလေးများအား အာဟာရဖြည့်မုန့်များပေးဝေခဲ့ကြောင်း သိရသည်။

ထိုသို့ ရုပ်ပုံပြ ပုံပြင်ဖတ်ပြခြင်းသည် ကျောင်းသား၊ ကျောင်းသူများအား အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားရရှိစေရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ကလေးစာဖတ်ခန်းနှင့် ရင်းနှီးကျွမ်းဝင်မှုရရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်ဆက်)