ကျောက်ပန်းတောင်း ဩဂုတ် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့ကြသည့် ဆရာ/ဆရာမများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်းရှိ စကားဝါခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ Grade-8 ကျောင်းသား၊ ကျောင်းသူလေးများက အ.ထ.က(၁)ကျောင်း သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး၊ ညောင်ဦးခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ထွန်းဦးနှင့် ကျောင်းအကျိုးတော်ဆောင် ဦးဇော်ဝင်းမောင်တို့က ဂုဏ်ပြုအမှာစကားများ ပြောကြားသည်။ ယင်းနောက် လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ထွန်းဦး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်ဝင်းနှင့် တာဝန်ရှိသူများက ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့ကြသည့် ဆရာ၊ ဆရာမများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ကျောင်းအုပ်ဆရာမ ကြီးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ လူရည်ချွန်နှင့်အားကစားဆိုင်ရာထူးချွန်သူများအား ဆုများပေးအပ်ချီးမြှင့်ပြီး၊ Grade-7 ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းကို သံပြိုင်သီဆို ဖျော်ဖြေ၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို (၅၄)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ၊ အောင်ချက်ရာခိုင်နှုန်း (၂၇.၇၈) ရာခိုင်နှုန်းရှိကြောင်းနှင့် ၎င်းတို့အနက် ၃ ဘာသာ(၁)ဦး၊ ၂ ဘာသာ (၂)ဦး၊ ၁ ဘာသာ(၃)ဦး ပါဝင်ပြီး၊ လူရည်ချွန်(၂)ဦး ရရှိကြောင်းနှင့် အားကစားအနေဖြင့် ပြေးခုန်ပစ် တိုင်းလက်ရွေးစင်တစ်ဦး ပါဝင်ကြောင်း သိရသည်။ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ခရိုင်နှင့်မြို့နယ် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၅၄၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)