ထားဝယ် ဩဂုတ် ၁၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ်စန္ဒဝတ်ကျေးရွာတွင် ဆိုလာနည်းပညာဖြင့် (၂၀) မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းအတွက် ဖြစ်မြောက်နိုင်စွမ်းရှိ/မရှိ အကြိုစူးစမ်း လေ့လာမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် F.S Report အား Southern Green Power Co.,Ltd က လာရောက်တွေ့ဆုံရှင်းလင်းတင်ပြသည့်အခမ်းအနားကို ဩဂုတ် ၁၁ ရက်နေ့နံနက် ၁၁ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လျှပ်စစ်ဓာတ်အား ၁၀၀ ရာခိုင်နှုန်း မီးလင်းရေး၊ ၂၄ နာရီ မီးအပြည့်အဝရရှိရေး၊ တစ်ယူနစ် ဈေးနှုန်းလျော့ကျရေးကို ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ မီးလင်းရေးနှင့်ပတ်သက်၍ ခရိုင်/မြို့ နယ်အလိုက် ဒီဇယ်ပါဝါဖြင့် လျှပ်စစ်ဓာတ်အားဆောင်ရွက်ထားနိုင်ခဲ့သည့် အတွက် ၂၄ နာရီ လျှပ်စစ်မီးရရှိခဲ့ကြောင်း၊ ထားဝယ်တွင် ဓာတ်ငွေ့ဖြင့်လျှပ်စစ်ဓာတ်အား ဆောင်ရွက်နိုင်ခဲ့ပြီး စက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်သုံးစွဲနိုင်ကြောင်း၊ ကျန်သောနေရာဒေသများတွင်ဒီဇယ်ဖြင့် ပေါင်းစပ်ပြီး လုပ်ကိုင်ရသောကြောင့် လျှပ်စစ်ဓာတ်အားခတန်ဖိုး အနေဖြင့်အနည်းငယ်မြင့်တက် လျက်ရှိကာ တစ်ယူနစ်ဈေးနှုန်းလျော့ကျရေး ကြိုးစားလုပ်ကိုင်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ မြိတ်မြို့တွင်ဒီဇယ်နှင့်ဆိုလာနှစ်ခုပေါင်းစပ်ပြီးလုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် တစ်ယူနစ်တန်ဖိုးကျလာသကဲ့သို့ လျှပ်စစ်အလုံအလောက်ရလာသည်နှင့်အမျှ MSME လုပ်ငန်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ဆိုလာနည်းပညာဖြင့်(၂၀) မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းဆောင်ရွက်ပြီးပါက အတိုင်းအတာတစ်ခုအထိ အောင်မြင်လာနိုင်ကြောင်း၊ အဓိက အနေဖြင့်လျှပ်စစ်ဓာတ်အားကို အသေးစားအလတ်စားစက်ရုံအလုပ်ရုံများအားတိုက်ရိုက်ပေးပြီး လျှပ်စစ် ဓာတ်အားကိုသက်သက်သာသာဖြင့်ဆောင်ရွက်ပေးနိုင်မည်ဆိုပါက မြိတ်မြို့တွင်ရှိသော အသေးစား အလတ်စား စက်မှုလုပ်ငန်းများ ယခုထက်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ မြို့ဧရိယာအတွင်း လျှပ်စစ်မီးအလုံအလောက်ရရှိအောင် ဆောင်ရွက်ပေးထားသည်များရှိကြောင်း၊ မြိတ်မြို့နယ်တွင်စက်ရုံ၊ အလုပ်ရုံများပြားပြီး နေ့ဘက်တွင်လျှပ်စစ် မီးအသုံးများသောကြောင့် ယူနစ်နှုန်းထားများအား ဈေးနှုန်း သက်သာစွာဖြင့် ပေနိုင်အောင် ညှိနှိုင်းပေးကြရန်လိုအပ်ကြောင်း၊ လုပ်ငန်းအောင်မြင်ရေးအတွက် ဌာနများအနေဖြင့် အောင်မြင်အောင်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြား သည်။
ထို့နောက် Southern Green Power Co.,Ltd က အကြိုစူးစမ်းလေ့လာမှုလုပ်ငန်းများဆောင်ရွက်ခဲ့သည့် ဖြစ်နိုင်ခြေဆန်းစစ်လေ့လာမှုအစီရင်ခံစာကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာများ က ဖြည့်စွက်ဆွေးနွေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)