တာမွေ ဩဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ ဗျိုင်းရေအိုးစင်(ရွာမ)ရပ်ကွက်လုံးဆိုင်ရာ "ဧ" ဓမ္မာရုံ စောင့်ရှောက်ရေးနှင့် ရဟန်းခံရှင်ပြုအဖွဲ့၏ ဩဝါဒစရိယဆရာတော်ဘုရားများထံမှ ဩဝါဒခံယူပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်က အဆိုပါဗျိုင်းရေအိုးစင် (ရွာမ) ရပ်ကွက်လုံးဆိုင်ရာ "ဧ" ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဩဝါဒစရိယ ဆရာတော်ဘုရားများနှင့် တက်ရောက်လာကြသူများသည် "နမောတဿ" (၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး တာမွေမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မြို့ဦးကျောင်းတိုက် ဆရာတော် သာသနဓဇဓမ္မာစရိယ၊ ဂန္တဝါစကပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တနာရဒထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့သည်။ ထို့နောက် ဗျိုင်းရေအိုးစင်(ရွာမ)ရပ်ကွက်လုံးဆိုင်ရာ "ဧ" ဓမ္မာရုံ စောင့်ရှောက်ရေးနှင့် ရဟန်းခံရှင်ပြုအဖွဲ့ အမှုဆောင်အဖွဲ့ဝင်များမှ ဩဝါဒစရိယဆရာတော်များအား သာသနာရးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားတင်ပြခဲ့ပြီး ဩဝါဒစရိယဆရာတော်များထံမှ ဩဝါဒခံယူခဲ့ကြသည်။ ဆက်လက်၍ အမှုဆောင်အဖွဲ့ဝင်များမှ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး တက်ရောက်လာကြသူများသည် "ဧ" ဓမ္မာရုံဩဝါဒစရိယဆရာတော် မင်္ဂလသုခပါဠိ တက္ကသိုလ်ကျောင်းတိုက် တာမွေမြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒောဘာသထံမှ အနုမောဒနာတရားနာယူခဲ့ကြသည်။ ယင်းနောက် "ဧ" ဓမ္မာရုံဩဝါဒစရိယဆရာတော် ဆုထူးပန် ရွှေကျင်ပရိယတ္တိစာသင်တိုက် ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တသုစိတ္တထံမှ ရေစက်ချတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ "ဧ"ဓမ္မာရုံ စောင့်ရှောက်ရေးနှင့် ရဟန်းခံရှင်ပြုအဖွဲ့မှ ဩဝါဒစရိယ ဆရာတော်များ၊ နာယကများ၊ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင် (ပြန်/ဆက်)