မိုးနဲ ဩဂုတ် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂ဝ၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စု၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများ၏ ကုန်ထုတ်လမ်းတံတား၊ ရေပေးရေးလုပ်ငန်းများ မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ နမ့်စန်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခွန်မြင့်သောင်းနှင့် မိုးနဲမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်တို့က အမှာစကား အသီးသီးပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးအာကာဖြိုးက လမ်းတံတား၊ ရေပေးဝေရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့်အစီအမံများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တင်ဒါအောင်ကုမ္ပဏီများမှ တာဝန်ရှိသူများက လုပ်ငန်းများစတင်ဆောင်ရွက်မည့် အခြေအနေများကိုတင်ပြရာ လုပ်ငန်းများအချိန်မီပြီးစီးရေး၊ အရည်အသွေးပြည့်မီရေး အလေးထားဆောင်ရွက်သွားရန်နှင့် လုပ်ငန်းလိုအပ်ချက်များအပေါ် ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေဖြင့် လွိုင်လင်းကျေးရွာကုန်ထုတ်လမ်း၊ နားခံကျေးရွာ ကုန်ထုတ်လမ်း၊ လင်ဖူးကျေးရွာ ဆိုလာသုံးတွင်းနက်တူးဖော်ခြင်းလုပ်ငန်း၊ ခဲတောင်ကြီးကျေးရွာ ဆိုလာသုံးစိမ့်စမ်းရေအမြင့်တင်ခြင်းလုပ်ငန်းနှင့် ကျိုင်းတောင်း တပ်မတော်တန်းမြှင့် လေ့ကျင့်ရေးကျောင်းတွင်းနက်တူးဖော်ခြင်းလုပ်ငန်းများကို နိုဝင်ဘာလအပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)