ဘားအံ ဩဂုတ် ၁၁
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးကျင်းပသော အသေး =စားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုး ရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်း(ပထမအကြိမ်)နှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း(ဒုတိယအကြိမ်) သင်တန်းဆင်းပွဲကို လှိုင်းဘွဲမြို့နယ် အောက်ရေပူကျေးရွာ၊ ရေပူကျောင်းကြီး ဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းဆင်း သင်တန်းသား/သင်တန်းသူ များအနေဖြင့် သင်တန်းမှသင်ကြားပေးလိုက်သောနည်းပညာရပ်များကို ပိုမိုကျွမ်းကျင်တတ်မြောက်အောင် လက်တွေ့နယ်ပယ်တွင်ပြန်လည်အသုံးချရင်း ကိုယ်ပိုင် လုပ်ငန်းငယ်များလုပ်ကိုင်၍ အောင်မြင်သောလုပ်ငန်းရှင်များအဖြစ် ထူထောင်ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားပြီး မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း ပညာသင်တန်းနှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းသင်တန်းဆင်းသင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးညီညီဇော်က သင်တန်းထွက် ကုန်ချောပစ္စည်းများကို ပေးအပ်ပြီး အောက်ရေပူကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြောကြားသည်။
ယနေ့သင်တန်းဆင်းပွဲတွင် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းတွင် သင်တန်းသား(၁၀)ဦး၊ တန်ဖိုးမြှင့်စားသောက် ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် သင်တန်းသူ(၁၀)ဦးသင်တန်ဆင်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းဆင်းများ ကိုယ်တိုင်ထုတ်လုပ်ထားသော သစ်သီးဖျော်ရည်၊ ယို၊ ဂျယ်လီ အစရှိသည့် ထုတ်ကုန်များကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)