ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ဟားခါး သြဂုတ် ၁၁

ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဆင်းပွဲအခမ်းအနားကို သြဂုတ်လ ၁၁ ရက် မွန်းလွဲ ၁ နာရီ က ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်၊ ခေတ္တပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆွေ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် သင်တန်းတက်ရောက်သည့် စာရေးဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်ထဲရေးဝန်ကြီးဌာနမှပေးအပ်သော လုပ်ငန်းတာဝန်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပင်မလုပ်ငန်းတာဝန်များ၊ အခြားဝန်ကြီးဌာနများမှ လွှဲအပ်သည့် လုပ်ငန်းတာဝန်အပြင် တိုင်းဒေသကြီး / ပြည်နယ်အစိုးရအဖွဲ့များ၏ ရုံးလုပ်ငန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်သည့်ဌာနဖြစ်ပါကြောင်း၊ သင်တန်းတွင် ပို့ချခဲ့သည့်ဘာသာရပ်တိုင်းသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနလုပ်ငန်းများနှင့် အစိုးရအဖွဲ့၏လုပ်ငန်းများ လျင်မြန်သွက်လက်ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကြီးမားစွာ အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် သင်တန်းတွင် လေ့လာသင်ယူမှတ်သားခဲ့သည့် သင်ခန်းစာများ၊ နည်းပြများက ဖြည့်စွက်ပို့ချသည့် လုပ်ငန်းခွင်အတွေ့အကြုံများကို မိမိတို့၏လက်တွေ့လုပ်ငန်းခွင်နယ်ပယ်တွင်အသုံးချပြီး ဆက်လက်၍ Self-Study လေ့လာခြင်းဖြင့် လုပ်ငန်းကျွမ်းကျင်မှုကို တိုးတက်လာပြီး ရုံးလုပ်ငန်းများ ပိုမိုသွက်လက်လျင်မြန်စွာ ဆောင်ရွက်နိုင်သော ဝန်ထမ်းကောင်းများ ဖြစ်ပါစေကြောင်းဖြင့် အမှာစကားပြောကြားသည်။

ယင်းနောက် သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်ကလည်းကောင်း၊ သင်တန်းဆင်းလက်မှတ်ကို ခေတ္တပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆွေကလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် သင်တန်းဖွင့်လှစ်မှုမှတ်တမ်း Video Clip ပြသ၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများအား အားပေးစကား ပြောကြားပြီး ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြသထားသည့် သင်တန်းပို့ချမှုဆိုင်ရာ စာရွက်စာတမ်းများ၊ သင်တန်းဖွင့်ပွဲနှင့် သင်တန်းပို့ချမှုမှတ်တမ်းဓာတ်ပုံများအား  ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)