မြစ်ကြီးနား သြဂုတ် ၁၁
ကချင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသောအာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် အထိမ်းအမှတ် အာဟာရချက်ပြုတ် သရုပ်ပြပြိုင်ပွဲ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် နို့တိုက်မိခင်များအား အာဟာရဗဟုသုတပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ခေတ်တွင် အာဟာရမျှတစွာ မစားသုံးတတ်သောကြောင့် အာဟာရလွန်ကဲမှုမှဝဖြိုးခြင်းနှင့်ဆက်နွယ်နေသည့် သွေးတိုး၊ ဆီးချို နှလုံးရောဂါများကိုဖြစ်စေပြီး သက်တမ်းစေ့မနေရအောင်ဒုက္ခပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ လူတိုင်းလူတိုင်း အာဟာရပြည့်ဝသည့် အစားအစာများကို ရွေးချယ်ဝယ်ယူစားသုံးတတ်စေရန်၊ အာဟာရချို့တဲ့မှုနှင့် အာဟာလွန်ကဲမှုတို့ မဖြစ်အောင် စုံလင်မျှတစွာ စားသုံးတတ်စေရန်၊ သန့်ရှင်း လတ်ဆတ်၍ အန္တရာယ်ကင်းသော အစားအစာများကို ရွေးချယ်ဝယ်ယူစားသုံးတတ်စေရန်၊ ကျန်းမာ ရေးကို အထောက်အကူပြုသော အစားအသောက်ဆိုင်ရာအလေ့အထအကျင့်များကို သိရှိလိုက်နာ ကျင့်သုံးတတ်စေရန် အလွန်အရေးကြီးပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက်မှုအလေ့အထများ ပိုမိုဖြစ်ထွန်းလာစေရန်၊ အာဟာရပြည့်ဝ၍ ကျန်းမာထွားကျိုင်းပြီး ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်လာရန် ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင်ကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဖြူဖြူုသန့်က ကိုယ်ဝန်ဆောင်နှင့် နို့်တိုက်မိခင်များအား အာဟာရပြည့်ဝမျှတစွာ ချက်ပြုတ်စားသောက်တတ်စေရန် အသိပညာပေးရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့သည် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်နန်ဆိုင်း၊ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အခမ်းအနားတက်ရောက်လာကြသည့် ကိုယ်ဝန် ဆောင်များနှင့် မိခင်များက ခန်းမအတွင်း ပြသထား သည့် မြို့ပေါ်ရပ်ကွက်များအလိုက် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အထိမ်းအမှတ် အာဟာရချက် ပြုတ်သရုပ်ပြပြိုင်အတွက် ပါဝင်ပစ္စည်းများ ပြင်ဆင်ထားရှိမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက မူကြိုကလေးငယ်များအား ဗီတာမင်အေ ဆေးတိုက်ကျွေးပေးခဲ့ကြပြီး အာဟာရဖြစ် စားသောက်ဖွယ်ရာများကို လိုက်လံပေးအပ်ခဲ့ကြသည်။ ထို့နောက် ပြည်နယ်မိခင်နှင်ကလေးစောက်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဦးဆောင်၍ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်အတူ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား အာဟာရဗဟုသုတ ပြိုင်ပွဲ ပြုလုပ်ကျင်းပပေးခြင်း၊ မြို့ပေါ်ရပ်ကွက်များမှ မိခင်များက အာဟာရနှင့် ပြည့်စုံသည့် အစားအသောက်များ လက်တွေ့သရုပ်ပြချက်ပြုတ်မှုများကို ကြည့်ရှုအားပေးခြင်းနှင့် ချက်ပြုတ်ပြီးစီးမှုအား အမှတ်ပေးခြင်း၊ မူကြိုကလေးငယ်များအား ကျွေးမွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ချက်ပြုတ်ပြိုင်ပွဲတွင် ဆုရရှိသည့် ရပ်ကွက်များအား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များ အာဟာရဗဟုသုတပြိုင်ပွဲတွင် ဆုရရှိသူများအားလည်းကောင်း အသီးသီးချီးမြှင့်ဂုဏ်ပြုခဲ့ကြကာ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား အာဟာရများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)