မိတ္ထီလာ သြဂုတ် ၁၁
မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာမြို့နယ် တုန်းအိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို သြဂုတ် ၁၁ ရက် နံနက် ၉နာရီက ကျင်းပသည်။
လူငယ်စကားဝိုင်းတွင် ခရိုင်ပညာရေးမှူး ဒေါ်မော်မော်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ် စာရေးဆရာအသင်းမှ စာရေးဆရာ မြင့်မားအောင်က ဗလငါးတန်အကြောင်းကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာရွှေညာမြေ မြသင်းကြိုင်က စာဖတ်ခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က လူငယ်စကားဝိုင်းကျင်းပရခြင်းအကြောင်းကို ရှင်းလင်း ပြောကြားကာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်စုလွင်က ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် လူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မာလာဆွေဝင်း ဦးဆောင်ပြီး အထက(ခွဲ)(တုန်းအိုင်)မှ ကျောင်းသားကျောင်းသူများက လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် မူးယစ်ဆေး၊ လူငယ်နှင့် စာဖတ်ခြင်း၊ လူငယ်နှင့် နည်းပညာ၊ လူငယ်နှင့်စာရိတ္တအကြောင်းများကို ဆွေးနွေးခဲ့ရာ အဆိုပါလူငယ်စကားဝိုင်းသို့ တက်ရောက်လာသော ကျောင်းသားကျောင်းသူများက ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသ စာအုပ်များ၊ နံရံကပ်စာစောင်များအား ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများက လေ့လာ ဖတ်ရှုခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)