တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ထားဝယ်မြို့ အထက(၄)၌ ကျင်းပသည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး နှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့တက်ရောက်

ထားဝယ်      ဩဂုတ် ၁၁

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှု နိုင်ရန်၊ စာပေ လေ့လာ ဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေပေး နိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာ ကြံ့ခိုင်သန်စွမ်းစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကျင်းပသော “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်” ကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင်၊ တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်တို့က  စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး နှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ထို့နောက် အထက(၄)မှ ကျောင်းသား/ကျောင်းသူများက တီးမှုတ်ကပြဖျော်ဖြေနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ က ကြည့်ရှုအားပေးပြီး   ဂုဏ်ပြုဆုငွေများချီးမြှင့်သည်။

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ခင်းကျင်း ပြသထားသည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်မှု  မှတ်တမ်းဓာတ်ပုံများ၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများ၊ အလယ်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲအနေဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ မြန်မာသတ်ပုံအမှန်ရွေးပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အထက်တန်းအဆင့်ဉာဏ်စမ်းပြိုင်ပွဲ၊ အလယ်တန်းအဆင့် ဉာဏ်စမ်းပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ အားကစားအနေဖြင့် ခါးကွင်းလှည့်ကစားနည်းများကိုလှည့်လည် ကြည့်ရှုအားပေးပြီးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပါဝင်ယှဉ်ပြိုင်သောကျောင်းသား /ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကာ ကျောင်းသုံးဗလာစာအုပ်များပေးအပ်ကြသည်။

ယနေ့ကျင်းပသည့်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့  ကျောင်း သား/ကျောင်းသူများ စုစုပေါင်း ၁၅၀၀ ခန့် တက်ရောက်ကြပြီး ပွဲတော်တွင် ခင်းကျင်းပြသ ထားသည့် ဓာတ်ပုံပြဘုတ်များနှင့်စာအုပ်ပြပွဲကို စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာကြပြီးပြိုင်ပွဲများတွင်  ပါဝင်ဆင်နွှဲကြသည့် ပြိုင်ပွဲဝင်များနှင့် ဆုရရှိသူများကို ဩဂုတ် ၁၂ ရက်တွင် ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)