ဒလမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်

ဒလ သြဂုတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှု‌လေ့လာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့်အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်ဟောပြောပွဲကို ယနေ့နံနက်(၉:၃၀) အချိန်က ရေတံခါးကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းနှင့် ရှမ်းဂံကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတို့၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ဦးစွာ ဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်ဦးရွှေလှိုင်က အဖွင့်အမှာစကားပြောကြားပြီး တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုင်းအဝိုင်းဖော်ဆောင်ရေးလုပ်ငန်းများအစီအစဉ်ဖြင့် သဘာဝဘေးအန္တရာယ်‌လျော့ပါးရေးဆိုင်ရာအသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍  မြို့ နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ‌ ဒေါ်သီတာ၀င်းက“လူငယ်နှင့်စာ‌ပေ”၊ “လူငယ်နှင့်စာရိတ္တ”ခေါင်းစဉ်ဖြင့် စာဖတ်ရှိန်မြှင့်တင်‌‌ရေး အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူးရုံးမှဒုတိယဦးစီးမှူးဒေါ်အေးအေးဦးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လိမ္မာ ရေးခြားရှိစေရေး အသိပညာ၊ အတတ်ပညာသာမက ပြင်ပစာပေဗဟုသုတများလေ့လာရမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းအုပ်ဆရာမကြီးအား စာအုပ်များပေးအပ်လှူဒါန်းခဲ့သည်။

ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အပတ်စဥ်​ရပ်ကွက်နှင့်ကျေးရွာအခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်နံရံကပ်စာစောင်ပြပွဲ၊ ဟောပြောပွဲနှင့် စာအုပ်ပြပွဲများကိုကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ခင်စန္ဒာမြင့်(ပြန်/ဆက်)