သရက်ချောင်း ဩဂုတ် ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦးကြီးကြပ်၍ ဆရာ၊ ဆရာမများက ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက သရက်ချောင်းမြို့၊ အခြေခံပညာ (အ-ထ-က)သရက်ချောင်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦးက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းကာ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဦးဇော်လွင်နှင့် ဆရာမများက အသိပညာပေးဟောပြောရာ သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာ ဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးနည်းလမ်းများအကြောင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခတ်၊ လောင်း၊ ထောင်၊ ဖွင့်၊ စွန့်/မြှုပ် ရှင်း၊ မှုတ် စကားလုံးအရှည်ကောက်အဓိပ္ပါယ်များကို ရှင်းလင်းခြင်း၊ ရေကန်၊ ရေစည်၊ ရေပုံး၊ ရေအိုးစသည့်ပစ္စည်းများတွင် အဘိတ်ဆေးခတ်ရမည့် အတိုင်းအတာများအကြောင်း၊ မိဘများအနေဖြင့် မိမိအိမ်ရှိမိသားစုဝင်များ၊ အိမ်နီးနားချင်းများသွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက နီးစပ်ရာဆေးရုံး၊ ဆေးခန်းများသို့ အမြန်ဆုံးသွားရောက်ရန် ရှင်းလင်းပြောကြားခြင်း၊ငှက်ဖျားရောဂါအကြောင်းနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအကြောင်းကိုအသိပညာပေးဟောပြောခဲ့ပြီးနောက် အခမ်းအနားရုပ်သိမ်းလိုက်သည်။
ထို့နောက် သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦး ဦးဆောင်၍ ဆရာဝန်များ သူနာပြုဆရာ/ဆရာမများက ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ သံချဆေးများ၊ ဗီတာမင်အေများတိုက်ကျွေးခြင်းနှင့် စာရင်းရေးသွင်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)