နမ့်စန်မြို့ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)ကျောင်းတွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်စကားဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်

နမ့်စန်(တ) ဩဂုတ် ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သော အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.ထ.က(မြို့မ)ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည့်  မသန့်တင်ဇာအောင်က လူငယ်နှင့်ကိုယ်ကျင့်တရား၊ မောင်နေထူးနိုင်က လူငယ်နှင့်အားကစား၊ မပိုးပြည့်မှူးက  လူငယ်နှင့်စာဖတ်ခြင်း၊ မနဒီလှိုင်က လူငယ်နှင့် ကျန်းမာရေး၊ မောင်ရန်လင်းထက်က လူငယ်နှင့် အတွေးအမြင်၊ မစန္ဒီကျော်ဝတ်ရည်က လူငယ်နှင့်ရည်မှန်းချက် စသည့်ခေါင်းစဉ်များဖြင့်  အသီးသီးဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ဆွေးနွေးပွဲတက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက လိုအပ်သည်များဖြည့်စွက်ဆွေးနွေး၍ သိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်၊ မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုနှင့် အ.ထ.က(မြိုမ)မှကျောင်းအုပ် ဆရာမကြီး ဒေါ်မိုးမိုးတို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိရသည်။

သူရအောင်(နမ့်စန်)