မိုးညှင်း ဩဂုတ် ၁၁
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သင်တန်းတက်ရောက်လာကြသည့် သင်တန်းသား သင်တန်းသူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးညွန့်ဝေက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ် အသုံးပြုနည်း သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးအောင်လွင်ဟိန်းက အီလက်ထရောနစ်မဲပေးစက်အကြောင်းနှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ငန်းလက်စွဲများ ပြင်ဆင်ထားရှိမှုအခြေအနေများ၊ အီလက်ထရောနစ် မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံများ၊ မဲပေးစက်တပ်ဆင်နေရာချထားခြင်းနှင့် မဲပေးခြင်း ဆိုင်ရာကိစ္စရပ်များ၊ မဲပေးစက်မှ မဲရလဒ်များထုတ်ယူ ရေတွက်ပုံအဆင့်ဆင့်များ၊ မဲပေးစက် အသုံးပြုခြင်း၏ အကျိုးကျေးဇူးများနှင့် လုံခြုံစိတ်ချရမှုအခြေအနေများ စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းကိုဆက်လက်ပို့ချရာ သင်တန်းတက်ရောက်လာကြသည့် မဲရုံတာဝန်ခံ သင်တန်းသား သင်တန်းသူများအား သင်တန်းနည်းပြများက အီလက်ထရောနစ် မဲပေးစက်ကိုင်တွယ် အသုံးပြုပုံနည်း အဆင့်ဆင့်တို့ကိုအုပ်စုဖွဲ့၍ လက်တွေ့ပြသ သင်တန်းပေးလျက်ရှိရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
မိုးညှင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် အီလက်ထရောနစ်မဲပေးစက် ကိုင်တွယ် အသုံးပြုခြင်းသင်တန်းတွင် ပထမအကြိမ်အနေဖြင့် သင်တန်းသားသင်တန်းသူစုစုပေါင်း (၁၄၅)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ နှစ်ရက်စီဖြင့် သင်တန်းခြောက်ကြိမ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေမိုးညှင်း