ရေဖြူ သြဂုတ် ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့ ၊မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မွေးကင်းစမှအသက်(၂)နှစ်အောက်အရွယ် ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းနှင့် တိုက်ကျွေးခြင်းလုပ်ငန်းများကို မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ကလေးသူငယ်များအား ကိုယ်အပူချိန်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ စာရင်းရေးသွင်းခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးသူငယ်များကို ဆိုဆို့ကြက်ညှာချောင်းဆိုး၊ အသည်းရောင်သားအဝါ(ဘီ)၊ ဘီစီဂျီ၊ပိုလီယို၊ ဦးနှောက်အမြေးရောင်ရောဂါစသည့် (ငါးမျိုးစပ်ကာကွယ်ဆေး)ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန်းအဆုတ်ရောင်(ပီစီဗီ)၊ ဝက်သက်-ဂျိုက်သိုးစသည့်ကာကွယ်ဆေးများကိုအသက်အရွယ် အလိုက်သတ်မှတ်အကြိမ်တိုင်း ထိုးနှံပေးခြင်း၊ ပိုလီယိုအစက်ချဆေးတိုက်ကျွေးခြင်းနှင့် ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခတ္တာ (ရေဖြူ)