တပ်ကုန်းမြို့နယ်၌ အစေ့ထုတ်ပြောင်း  ၁၄၀၀ ဧကကျော် စိုက်ပျိုးပြီး လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်

တပ်ကုန်း ဩဂုတ် ၁၁

တပ်ကုန်းမြို့နယ်အတွင်း ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ အစေ့ထုတ်ပြောင်း ၁၃၁၄ဧက လျာထားစိုက်ပျိုး၍ ၁၄၃၄ဧက စိုက်ပျိုးပြီး၊ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 “တပ်ကုန်းနယ်မှာ ဒီနှစ်မိုးရာသီအစေ့ထုတ်ပြောင်းစိုက်ပျိုးဖို့ ၁၃၁၄ ဧက လျာထားပြီး၊ လက်ရှိ အချိန်ထိ ၁၄၃၄ ဧကစိုက်ပျိုးကာ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အစေ့ထုတ်ပြောင်းသီးနှံကို သီးသန့်စိုက်ပျိုးကြတဲ့အပြင် ပဲစင်းငုံသီးနှံနဲ့ သီးညှပ်စိုက်ပျိုးတာလည်းရှိပါတယ်။ အစေ့ထုတ်ပြောင်းသီးနှံက တောင်သူများ တွက်ခြေကိုက်သီးနှံဖြစ်ပြီး၊ ပြောင်းရိုးများကိုလည်း ကျွဲ၊ နွားစာအဖြစ် အသုံးပြုရတဲ့အတွက် တိုးချဲ့စိုက်ပျိုးလာကြပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  ကွင်းဝန်ထမ်းတစ်ဦးက ပြောပြသည်။

အဆိုပါအစေ့ထုတ်ပြောင်းစိုက်ပျိုးသည့်တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မျိုးကောင်းမျိုးသန့်စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ ဖော့ငမြောင်တောင်ပိုး ကြိုတင်ကာကွယ်ရေး၊ သဘာဝပိုးသတ်ဆေး၊ ပိုးနှင်ဆေးပြုလုပ်သုံးစွဲရေးစသည့် စိုက်ပျိုးရေးနည်းပညာများ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်စိုးလွင်