လိပ်သို ဩဂုတ် ၁၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ဗဟုသုတတိုးပွားစေရန်အတွက် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အငယ်တန်းစာရေး နော်ဖလောရင်းဟန်က အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ် ချက်များ၊ စာဖတ်ခြင်းကြောင့် ရရှိနိုင်သောအကျိုးသည်များပြားသလောက် စာမဖတ်သူများမှာအကြားအမြင် ဗဟုသုတ မရှိသဖြင့် ပရိသတ်အလယ်တွင် စကားချေတင်မပြောနိုင်ခြင်း၊ လူမှုရေးနားမလည်ခြင်း၊ စဉ်းစားဝေဖန် ဆုံးဖြတ်ချက် မချနိုင်ခြင်း၊ မိမိအရေးကိစ္စပေါ်လာတိုင်း သူတစ်ပါးကိုသာ အားကိုးနေရခြင်း စသည့်ဆိုးကျိုးများ ခံစားရမှာဖြစ်ကြောင်း၊ လူ့ဘဝခဏတာတွင် အဆင့်အတန်းမြင့်မြင့်၊ သိက္ခာရှိရှိ၊ တင့်တင့်တယ်တယ်နေလိုသူတိုင်း စာဖတ်ဝါသနာကို ပျိုးထောင်၍ စာဖတ်သင့်ကြောင်း စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့်စပ်လျဉ်း၍ ပညာပေးပြောကြားခဲ့သည်။
ဆက်လက်၍ဟောပြောပွဲအပြီးတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်အားပြသခဲ့ရာ ဒေသနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုမှတ်သား၍ သိရှိလိုသည်များအား မေးမြန်းခဲ့ကြောင်း သိရသည်။
ခင်လေးနွယ်